မဆင်မခြင် လိင်ဆက်ဆံရင် STD ရောဂါတွေပဲ ရနိုင်တယ်လို့ မထင်ပါနဲ့
လိင်မှုကိစ္စဆိုတာ လူအများစုရဲ့ နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရေးပါတဲ့ အရာတွေထဲမှာ ပါဝင်ပါတယ်။ ‘အိပ်၊ စား၊ ကာမ’ ဆိုတဲ့အတိုင်း နောက်ဆက်တွဲပြဿနာတွေ များတဲ့တိုင်အောင် လိင်မှုကိစ္စတွေဟာ လူသားတွေရဲ့ ရုပ်ခန္ဓာနဲ့ စိတ်ကျန်းမာရေးအပေါ် အကျိုးထူးများစွာ ရှိစေနိုင်ပါတယ်။
ဘယ်လိုအခြေအနေမှာ လိင်ဆက်ဆံခြင်းကို မကောင်းဘူးလို့ သတ်မှတ်နိုင်လဲ?
ယေဘုယျအားဖြင့် လိင်ဆက်ဆံခြင်းဟာ လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် ကောင်းတဲ့ အလေ့အထဆိုပေမယ့်
- STD - လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ရှိနေတာ
- ကိုယ်မသိဖူးတဲ့သူစိမ်းတွေနဲ့ ဆက်ဆံတာ
- အပျော်အပါးလိုက်စားလေ့ရှိတာ
- လိင်ဆက်ဆံတိုင်း ကွန်ဒုံးအသုံးမပြုတာ
- အန္တရာယ်များတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေကို မကြာခဏလုပ်တတ်တာကိုတော့ မကောင်းဘူးလို့ သတ်မှတ်နိုင်ပါတယ်။
လိင်ဆက်ဆံတိုင်း ကွန်ဒုံးကိုမဖြစ်မနေ သုံးဖို့လိုအပ်လား?
ကလေးမလိုချင်သေးဘူး၊ တားဆေး ဒါမှမဟုတ် သန္ဓေတားနည်းလမ်းတွေ အသုံးပြုထားတာမရှိဘူး၊ ဆက်ဆံဖော်ရဲ့ ကျန်းမာရေးနဲ့ ရောဂါရာဇဝင်ကို အတိအကျမသိဘူး၊ သူစိမ်းနဲ့ ဆက်ဆံရမယ်ဆိုရင်တော့ ကွန်ဒုံးအသုံးပြုတာ အကောင်းဆုံးပါပဲ။
အကာအကွယ်မပါဘဲ လိင်ဆက်ဆံရင် ဘယ်လိုကျန်းမာရေးပြဿနာတွေ ကူးစက်ခံရနိုင်လဲ?
အဓိက ကူးစက်ခံရမှုအများဆုံးကတော့ STD လို့ခေါ်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါနဲ့ ရောဂါပိုးတွေပါပဲ။ ဒီပိုးတွေထဲမှာ -
- HIV ပိုး
- ရေယုန် Virus
- ကြွက်နို့ Virus
- ဆီးပူညောင်းကျ၊ ဂနိုရောဂါ
- အသည်းရောင်အသားဝါရောဂါ (B ပိုး၊ C ပိုး)
- ကာလသားရောဂါ
- ခလက်မီးဒီးယားရောဂါ စတာတွေ ပါဝင်ပါတယ်။
STD မဟုတ်ဘဲ တခြားကူးစက်ခံရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေဆိုရင် -
၁။ Yeast Infection
မိန်းမကိုယ်မှိုစွဲရောဂါတစ်မျိုးဖြစ်ပြီး အကာအကွယ်မဲ့လိင်ဆက်ဆံရာကနေ မှိုပိုးက ကိုယ့်လိင်အင်္ဂါအတွင်းထဲ ဝင်လို့ Infection ဖြစ်သွားနိုင်ပါတယ်။
၂။ UTI
ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) ကတော့ အဖြစ်များတဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတစ်ခုပါပဲ။ ပုံမှန်အချိန်တွေမှာလည်း ရေသောက်နည်း၊ ဆီးသွားနည်းသူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တတ်သလို မိန်းကလေးတွေမှာ ဆီးလမ်းကြောင်းတိုတဲ့အတွက် ဖြစ်နိုင်ခြေပိုများပါတယ်။ လိင်ဆက်ဆံတဲ့အခါ ထိုးသွင်းဆက်ဆံမှုကနေ ပါလာတဲ့ ဘက်တီးရီးယားပိုးတွေက ဆီးလမ်းကြောင်းမှာ ကျန်ခဲ့ရင်း UTI ကို ဖြစ်သွားစေနိုင်ပါတယ်။
၃။ ကိုယ်ဝန်
အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံရင်တော့ ဖြစ်နိုင်ခြေအများဆုံးက ကိုယ်ဝန်ပါပဲ။ မိန်းမကိုယ်အတွင်း သုက်လွှတ်သည်ဖြစ်စေ၊ မလွှတ်သည်ဖြစ်စေ မတော်တဆဝင်သွားတဲ့ သုက်ပိုးဟာ မမျိုးဥနဲ့ ထိတွေ့မယ်ဆိုရင်တော့ ကိုယ်ဝန်ရနိုင်ခြေက တော်တော်လေး များပါတယ်။
ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကိုမဖြစ်မနေ အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် လိင်အပျော်အပါးလိုက်စားသူတွေ၊ ကိုယ်ဝန်မလိုချင်သူတွေအတွက် ကွန်ဒုံးကသာ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းပါပဲ။ အကယ်လို့ ကိုယ့်အနေနဲ့ အကာအကွယ်မသုံးဘဲ လိင်ဆက်ဆံမိတယ်ဆိုရင်
၁။ တခြားပုံမှန်မဟုတ်တဲ့ ကျန်းမာရေးပြဿနာ၊ အရေပြားလက္ခဏာတွေ ဖြစ်လာလားဆိုတာကို အမြဲစစ်ဆေးပါ။
၂။ ကိုယ့်ဘက်က လိုအပ်တဲ့ ကာကွယ်ဆေးသောက်တာ၊ ထိုးတာမျိုး လုပ်ထားပါ။
၃။ လိင်ဆက်ဆံပြီး ၃ လပြည့်တဲ့အချိန် သွေးသွားစစ်ပါ။
၄။ မိန်းကလေးတွေအနေနဲ့ နီးစပ်ရာဆေးခန်း၊ ဆေးဆိုင်ကနေ ဆီးစစ်တံဝယ်ယူပြီး ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ပါ။
ရဲမျိုးမြတ်